ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၏ “တိုင်းနှင့်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ် များကို မည်သည့်အကြောင်းအတွက်ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များ နှင့်ပြည်သူ့စစ်အဖွဲ့များကို မည်သည့်ဌာနအဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမည်ကို ပြည်သူများမှသိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

၂။    ပြည်သူ့စစ်ဆိုသည်မှာ မိမိနိုင်ငံတော် နှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ လုံခြုံရေးကို မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည်ဟု ပြည်သူလူထု တစ်ရပ်လုံးက သဘောပေါက်ပြီး နိုးကြားတက်ကြွစွာ အသိနှင့်ယှဉ်၍ ပါဝင်ဆောင်ရွက် မှုပင် ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုအတွင်းမှ စည်းရုံးဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းသည့်အချိန်၌ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ကုန်ထုတ်လုပ်ရေးအင်အား၊ လူမှုရေးအင်အားများဖြစ်ပြီး မြို့နယ် ၊ကျေးရွာများ၌ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်နေကြသူများ ဖြစ်ကြပါတယ်။ ပြည်တွင်း/ပြည်ပ စစ်မက်အရေးအခင်းများ၌ ရင်ဆိုင်ရချိန်တွင် တပ်မတော်နှင့် လက်တွဲ၍ စစ်ရေးအင်အားအဖြစ် ရပ်တည်သွားရမည့် တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး အင်အားများလည်း ဖြစ်ကြပါတယ်။ ပြည်သူ့စစ် ဖွဲ့စည်းမှုသည် စစ်မက်အရေးအခင်းများ ပေါ်ပေါက်လာမှသာ အရေးပေါ်ဖွဲ့စည်းရသည့် ဖွဲ့စည်းမှုမျိုးမဟုတ်ဘဲ အမျိုးသား ကာကွယ်ရေးကို အစဉ်ထိန်းသိမ်းထားပြီး အချိန်မရွေးအသင့်ဖြစ်နေစေရန် ဖွဲ့စည်း လေ့ကျင့်ထားရမည့် အဖွဲ့အစည်းများ ဖြစ်ပါတယ်။

၃။    တပ်မတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ရပ်ကွက်/ကျေးရွာ ၊ စက်ရုံ ၊ အလုပ်ရုံ ၊ လုပ်ငန်းခွင်စသည့် အချက်အချာကျသော နေရာများတွင် စစ်ရေးလိုအပ်ချက်အရ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ ဖွဲ့စည်းထားရှိ ပါတယ်။ ၎င်းအဖွဲ့များသည် နယ်မြေလုံခြုံရေး၊ ဆက်သွယ်ရေး လမ်းကြောင်းများ လုံခြုံရေး ၊ အချက်အချာကျသောနေရာများ(တံတား/လျှပ်စစ်တာဝါတိုင်နှင့်စက်ရုံ၊ အလုပ်ရုံ စသည်များ)နှင့် လုပ်ငန်းခွင်(သတ္တုတွင်းနယ်မြေ)၊ သစ်တောကြိုးဝိုင်းနယ်မြေ စသည် များ၏ လုံခြုံရေးကို တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရပ်ဘက်အုပ်ချုပ်မှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင် ပြည်သူ့စစ် (ဌာနေ)အဖွဲ့များ ဖွဲ့စည်းထားရခြင်းမှာ ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှု အန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတိုရည်မှန်းချက် အရ  ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည်တွင် ပြည်သူလူထုတစ်ရပ်လုံးက မိမိနိုင်ငံတော်အား ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့စစ်မဟာဗျူဟာအစီအမံ၏ အစိတ်အပိုင်း အဖြစ် ပါဝင်ဆောင်ရွက်နိုင်မည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအဖြစ် ဖွဲ့စည်းထားရှိခြင်း ဖြစ်ပါတယ်။

၄။    ဖွဲ့စည်းထားရှိသော ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ရင်း/တပ်ဖွဲ့များမှ ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးနှင့် တာဝန် ခွဲဝေသတ်မှတ်ပေးအပ်ရေးအပိုင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပါတယ်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက ၎င်းတို့နယ်မြေအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များအား ကြီးကြပ်ကွပ်ကဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက ကြီးကြပ်ကွပ်ကဲလျက် ရှိပါတယ်။

၅။    အားလုံးကို ကျေးဇူးတင်ပါတယ်။