
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျားအားလုံး မင်္ဂလာပါကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်မှုကို ဦးစွာ အကျဉ်းချုပ်တင်ပြမှာ ဖြစ်ပါတယ်။
၁။ ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် -
(၁) အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော် တည်ဆောက်ရန်။
(၂) ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်။
(၃) နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍ များတွင် ပါဝင်ဆောင်ရွက်သွားစေရန်။
စသည့် ရည်မှန်းချက်တာဝန်များအပေါ်အခြေခံ၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များကို (Standard Army, Standard Navy, Standard Air Force) ဖြစ်လာစေရန်အတွက် နှစ်ရှည်စီမံကိန်းများကို ရေးဆွဲထားပါတယ်။
၂။ အထက်ပါရည်မှန်းချက် တာဝန်များနှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး ဘတ်ဂျက် ရေးဆွဲဆောင်ရွက်ရာတွင် တပ်မတော်၏ သဘောသဘာဝအရ လူ/လက်နက်/ပစ္စည်းဖွဲ့စည်းပုံနှင့် ပေးအပ်လာတဲ့တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန်အတွက် မျှော်မှန်းပြီး ဦးစွာရေးဆွဲ ပြဋ္ဌာန်းထားပါတယ်။ ယင်း လူ/လက်နက်/ပစ္စည်းဖွဲ့စည်းပုံပေါ်အခြေခံပြီး အဆင့်လိုက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုံခြုံရေးအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေတို့ကို ချင့်ချိန်၍ ခန့်အပ်မည့် လူ၊ လိုအပ်သော လက်နက်၊ ပစ္စည်း၊ ဆက်စပ်အဆောက်အဦများ၊ ဆက်စပ်လုပ်ငန်းများ၊ စစ်လက်နက်ပစ္စည်းများကို ရေးဆွဲပါတယ်။ ဒါကြောင့် ခန့်အပ်ရမည့်လူအင်အား၊ ယင်းအတွက် လိုအပ်သော လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စီမံကိန်းပါ ဆက်စပ် အဆောက်အဦများ၊ စစ်လက်နက်ပစ္စည်းများကို နှစ်အလိုက်ထည့်သွင်း၍ ရေးဆွဲတင်ပြလျက် ရှိပါတယ်။
၃။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်တံခိုင်မြဲရေး တာဝန်ထမ်းဆောင် နိုင်ရန်အတွက် ရေးဆွဲထားသော လူ၊ လက်နက်၊ ပစ္စည်းဖွဲ့စည်းပုံ ပင်မစီမံကိန်းကို နှစ်အလိုက် အခြေအနများအလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။
၄။ ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် ရ-သုံး ခန့်မှန်းခြေ ငွေစာရင်းကို အကျဉ်းချုပ် ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။
၅။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းမှာ -
( က ) သာမန်ရငွေနှင့် အသုံးစရိတ်စာရင်း
( ၁ ) သာမန်ရငွေ ၇၁.၄၄၃ ဘီလီယံ
( ၂ ) သာမန်အသုံးစရိတ် ၁,၈၁၈.၁၄၆ ဘီလီယံ
( ခ ) ငွေလုံးငွေရင်း ရငွေနှင့် အသုံးစရိတ်
( ၁ ) ငွေလုံးငွေရင်းရငွေ -
( ၂ ) ငွေလုံးငွေရင်းအသုံးစရိတ် ၁,၄၃၁.၉၁၉ ဘီလီယံ
( ဂ ) ရငွေ/သုံးငွေ စုစုပေါင်း
( ၁ ) ရငွေပေါင်း ၇၁.၄၄၃ ဘီလီယံ
( ၂ ) သုံးငွေပေါင်း ၃,၂၅၀.၀၆၅ ဘီလီယံ
၆။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်စာရင်းများကို တင်ပြသွားမှာဖြစ်ပါတယ်။ သာမန်အသုံးစရိတ် စုစုပေါင်း ၁,၈၁၈.၁၄၆ ဘီလီယံ လျာထား ထားပါတယ်။ ခေါင်းစဉ်အလိုက် အသုံးစရိတ်များမှာ -
( က ) လစာနှင့်စရိတ်များ ၈၆၁.၈၁၀ ဘီလီယံ
( ခ ) ပစ္စည်းများ ၄၅၁.၈၃၆ ဘီလီယံ
( ဂ ) ပို့ဆောင်ရေး ၁၇.၂၁၆ ဘီလီယံ
( ဃ ) အင်ဂျင်နီယာ ၈၉.၁၄၉ ဘီလီယံ
( င ) အထွေထွေ ၁၈၇.၉၀၀ ဘီလီယံ
( စ ) စစ်ဆင်ရေး ၅.၅၀၂ ဘီလီယံ
( ဆ ) စက်ရုံအလုပ်ရုံများ ၁၉၉.၄၁၀ ဘီလီယံ
( ဇ ) အတိုး ၅.၃၂၃ ဘီလီယံ
( ဈ ) သာမန်အသုံးစရိတ် စုစုပေါင်း ၁,၈၁၈.၁၄၆ ဘီလီယံ
၇။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၁,၄၃၁.၉၁၉ ဘီလီယံ လျာထားပြီး ခေါင်းစဉ်အလိုက် ငွေလုံးငွေရင်း အသုံးစရိတ်များမှာ -
( က ) ဆောက်လုပ်ရေး အသုံးစရိတ် ၂၉၂.၈၄၇ ဘီလီယံ
( ခ ) စက်ပစ္စည်း အသုံးစရိတ် ၁,၁၃၈.၁၇၂ ဘီလီယံ
( ဂ ) အခြား အသုံးစရိတ် ၀.၉၀၀ ဘီလီယံ
( ဃ ) ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၁,၄၃၁.၉၁၉ ဘီလီယံ
၈။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေး နှစ်အလိုက် ရငွေစာရင်း (၃)နှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၉။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်တွင် သာမန်ရငွေအနေဖြင့် (၅၃.၅၀၃) ဘီလီယံ နှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် (၆၄.၈၆၉) ဘီလီယံ ရရှိထားပါတယ်။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် သာမန်ရငွေမှာ (၇၁.၄၄၃) ဘီလီယံ လျာထားပါကြောင်း တင်ပြအပ် ပါတယ်။
၁၀။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် အရ အသုံး (၃)နှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၁၁။ သာမန်အသုံးစရိတ်အနေဖြင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း(RE)တွင် (၁,၆၅၃.၁၆၄) ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(RE)တွင် (၁,၇၆၅.၉၄၁) ဘီလီယံ နှင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း(BE)အတွက် (၁,၈၁၈.၁၄၆)ဘီလီယံ တောင်းခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(RE)ထက် (၅၂.၂၀၅)ဘီလီယံ တိုးမြှင့် တောင်းခံထားပါတယ်။
၁၂။ ငွေလုံးငွေရင်းအသုံးစရိတ်အနေဖြင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း(RE)တွင် (၁,၃၃၇.၃၉၈)ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (RE)တွင် (၁,၄၂၇.၀၁၀) ဘီလီယံနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း(BE) အတွက် (၁,၄၃၁.၉၁၉)ဘီလီယံ တောင်းခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် (RE)ထက် (၄.၉၀၉)ဘီလီယံ တိုးမြှင့်တောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၁၃။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(RE) (သာမန်၊ ငွေလုံး ငွေရင်း) စုစုပေါင်းအနေဖြင့် (၂,၉၉၀.၅၆၂) ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း (RE)တွင် (၃,၁၉၂.၉၅၁) ဘီလီယံ နှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း(BE) အတွက် အသုံးစရိတ် စုစုပေါင်း (၃,၂၅၀.၀၆၅) ဘီလီယံ တောင်းခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း(RE)ထက် (၅၇.၁၁၄)ဘီလီယံ တိုးမြှင့်တောင်းခံထားပါကြောင်းတင်ပြအပ်ပါတယ်။ ထိုသို့တိုးမြှင့်တောင်းခံရခြင်း အကြောင်းရင်းမှာ ၂၀၁၈ခုနှစ်၊ ဧပြီလတွင် နိုင်ငံ့ဝန်ထမ်း လစာများ တိုးမြှင့်လာသောကြောင့် ထပ်မံလိုအပ်ငွေမှာ (၁၂၇.၅၁၇)ဘီလီယံ ဖြစ်သော်လည်း ကျန်အသုံးစရိတ်များအား လျော့နည်းတောင်းခံထားပါသဖြင့် မဖြစ်မနေလိုအပ်သည့် (၅၇.၁၁၄) ဘီလီယံကိုသာ တိုးမြှင့်တောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၁၄။ ယခုတင်ပြထားသည့် အသုံးစရိတ်များသည် အဆင့်ဆင့်စိစစ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး မလွဲမသွေသုံးစွဲရမည့် အသုံးစရိတ်များဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကြီးမှ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။
၁၅။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။