
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ( ၁၃ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျား
၁။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှုကို ဦးစွာအကျဉ်းချုပ် တင်ပြမှာဖြစ်ပါတယ်။
၂။ ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် -
( က ) အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရန်။
( ခ ) ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်။
( ဂ ) နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍ များတွင် ပါဝင်ဆောင်ရွက်သွားစေရန် စသည့် ရည်မှန်းချက်တာဝန်များအပေါ်အခြေခံ၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များကို (Standard Army, Standard Navy, Standard Air Force) ဖြစ်လာစေရန်အတွက် နှစ်ရှည် စီမံကိန်းများကို ရေးဆွဲထားပါတယ်။
၃။ အထက်ပါ ရည်မှန်းချက်တာဝန်များနှင့် လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး ဘတ်ဂျက် ရေးဆွဲဆောင်ရွက်ရာတွင် တပ်မတော်၏ သဘောသဘာဝအရ လူ/လက်နက်/ပစ္စည်းဖွဲ့စည်းပုံနှင့် ပေးအပ်လာတဲ့တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန်အတွက် မျှော်မှန်းပြီး ဦးစွာရေးဆွဲ ပြဋ္ဌာန်းထားပါတယ်။ ယင်း လူ/လက်နက်/ပစ္စည်း ဖွဲ့စည်းပုံပေါ် အခြေခံပြီး အဆင့်လိုက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုံခြုံရေးအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေတို့ကို ချင့်ချိန်၍ ခန့်အပ်မည့် လူ၊ လိုအပ်သော လက်နက်၊ ပစ္စည်း၊ ဆက်စပ်အဆောက်အဦများ၊ ဆက်စပ်လုပ်ငန်းများ၊ စစ်လက်နက်ပစ္စည်းများကို ရေးဆွဲပါတယ်။ ဒါကြောင့် ခန့်အပ်ရမည့် လူအင်အား၊ ယင်းအတွက် လိုအပ်သော လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စီမံကိန်းပါ ဆက်စပ် အဆောက်အဦများ၊ စစ်လက်နက်ပစ္စည်းများကို နှစ်အလိုက်ထည့်သွင်း၍ ရေးဆွဲတင်ပြလျက် ရှိပါတယ်။
၄။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တာဝန်ထမ်းဆောင် နိုင်ရန်အတွက် ရေးဆွဲထားသော လူ၊ လက်နက်၊ ပစ္စည်း ဖွဲ့စည်းပုံ ပင်မစီမံကိန်းကို နှစ်အလိုက် အခြေအနေများအလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။
၅။ ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ရ-သုံး ခန့်မှန်းခြေ ငွေစာရင်းကို အကျဉ်းချုပ် ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။
၆။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းမှာ -
( က ) သာမန်ရငွေနှင့် အသုံးစရိတ်စာရင်း
( ၁ ) သာမန်ရငွေ ၄၇.၀၀၀ ဘီလီယံ
( ၂ ) သာမန်အသုံးစရိတ် ၁,၉၃၇.၅၃၈ ဘီလီယံ
( ခ ) ငွေလုံးငွေရင်း ရငွေနှင့် အသုံးစရိတ်
( ၁ ) ငွေလုံးငွေရင်းရငွေ -
( ၂ ) ငွေလုံးငွေရင်းအသုံးစရိတ် ၁,၄၃၃.၂၄၀ ဘီလီယံ
( ဂ ) ရငွေ/သုံးငွေ စုစုပေါင်း
( ၁ ) ရငွေပေါင်း ၄၇.၀၀၀ ဘီလီယံ
(၂ ) သုံးငွေပေါင်း ၃,၃၇၀.၇၇၈ ဘီလီယံ
၇။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်အသုံး စရိတ်စာရင်းများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သာမန်အသုံးစရိတ် စုစုပေါင်း ၁,၉၃၇.၅၃၈ ဘီလီယံ လျာထား ထားပါတယ်။ ခေါင်းစဉ်အလိုက် အသုံးစရိတ်များမှာ -
( က ) လစာနှင့်စရိတ်များ ၈၈၄.၀၄၉ ဘီလီယံ
( ခ ) ပစ္စည်းများ ၄၆၇.၀၄၂ ဘီလီယံ
( ဂ ) ပို့ဆောင်ရေး ၁၆.၅၃၄ ဘီလီယံ
( ဃ ) အင်ဂျင်နီယာ ၁၆၇.၃၂၇ ဘီလီယံ
( င ) အထွေထွေ ၁၈၃.၀၁၉ ဘီလီယံ
( စ ) လုံခြုံရေး ၅.၁၉၁ ဘီလီယံ
( ဆ ) စက်ရုံအလုပ်ရုံများ ၂၀၅.၀၆၀ ဘီလီယံ
( ဇ ) အတိုး ၅.၃၁၆ ဘီလီယံ
( ဈ ) အရေးပေါ်ရန်ပုံငွေ ၄.၀၀၀ ဘီလီယံ
( ည ) သာမန်အသုံးစရိတ် စုစုပေါင်း ၁,၉၃၇.၅၃၈ ဘီလီယံ
၈။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းကို တင်ပြသွားမှာဖြစ်ပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၁,၄၃၃.၂၄၀ ဘီလီယံ လျာထားပြီး ခေါင်းစဉ်အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်များမှာ -
( က ) ဆောက်လုပ်ရေး အသုံးစရိတ် ၂၀၈.၇၉၈ ဘီလီယံ
( ခ ) စက်ပစ္စည်း အသုံးစရိတ် ၁,၂၂၃.၇၂၉ ဘီလီယံ
( ဂ ) အခြား အသုံးစရိတ် ၀.၇၁၃ ဘီလီယံ
( ဃ ) ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၁,၄၃၃.၂၄၀ ဘီလီယံ
၉။ ယခုတင်ပြထားသည့် အသုံးစရိတ်များသည် အဆင့်ဆင့် စိစစ်ခဲ့ မှုများ ပြုလုပ်ခဲ့ပြီး မလွဲမသွေသုံးစွဲရမည့် အသုံးစရိတ်များဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကြီးမှ အတည်ပြု ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။
၁၀။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။