
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယဝန်ကြီး (ဖြေကြားခြင်း)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အားလုံးမင်္ဂလာပါ
ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှုကို ဦးစွာအကျဉ်းချုပ် တင်ပြမှာဖြစ်ပါတယ်။
၁။ ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် -
(က) အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရန်။
(ခ) ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်။
(ဂ) နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော် တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍ များတွင် ပါဝင်ဆောင်ရွက်သွားစေရန်စသည့် ရည်မှန်းချက် တာဝန်များ အပေါ်အခြေခံ၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များကို (Standard Army, Standard Navy, Standard Air Force) ဖြစ်လာစေရန်အတွက် နှစ်ရှည် စီမံကိန်းများကို ရေးဆွဲထားပါတယ်။
၂။ အထက်ပါရည်မှန်းချက် တာဝန်များနှင့်လုပ်ငန်းစဉ်များအပေါ် အခြေခံပြီး ဘတ်ဂျက်ရေးဆွဲ ဆောင်ရွက်ရာတွင် တပ်မတော်၏ သဘောသဘာဝအရ လူ/လက်နက်/ပစ္စည်းဖွဲ့စည်းပုံနှင့် ပေးအပ်လာတဲ့ တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန်အတွက် မျှော်မှန်းပြီး ဦးစွာရေးဆွဲ ပြဋ္ဌာန်းထားပါတယ်။ ယင်း လူ/လက်နက်/ပစ္စည်း ဖွဲ့စည်းပုံပေါ် အခြေခံပြီး အဆင့်လိုက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုံခြုံရေးအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေတို့ကို ချင့်ချိန်၍ ခန့်အပ်မည့် လူ၊ လိုအပ်သော လက်နက်၊ ပစ္စည်း၊ ဆက်စပ်အဆောက်အဦများ၊ ဆက်စပ်လုပ်ငန်းများ၊ စစ်လက်နက်ပစ္စည်းများကို ရေးဆွဲပါတယ်။ ဒါကြောင့် ခန့်အပ်ရမည့် လူအင်အား၊ ယင်းအတွက် လိုအပ်သော လက်နက်ပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စီမံကိန်းပါ ဆက်စပ် အဆောက်အဦများ၊ စစ်လက်နက်ပစ္စည်းများကို နှစ်အလိုက်ထည့်သွင်း၍ ရေးဆွဲတင်ပြလျက် ရှိပါတယ်။
၃။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တာဝန်ထမ်းဆောင် နိုင်ရန်အတွက် ရေးဆွဲထားသော လူ၊ လက်နက်၊ ပစ္စည်းဖွဲ့စည်းပုံ ပင်မစီမံကိန်းကို နှစ်အလိုက် အခြေအနေများအလိုက် အကောင်အထည်ဖော်မည့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။
၄။ ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ရ-သုံး ခန့်မှန်းခြေ ငွေစာရင်းကို အကျဉ်းချုပ် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။
၅။ ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းမှာ -
( က ) သာမန်ရငွေနှင့် အသုံးစရိတ်စာရင်း
( ၁ ) သာမန်ရငွေ ၃၁.၇၆၁ ဘီလီယံ
( ၂ ) သာမန်အသုံးစရိတ် ၇၂၃.၁၀၇ ဘီလီယံ
( ခ ) ငွေလုံးငွေရင်း ရငွေနှင့် အသုံးစရိတ်
( ၁ ) ငွေလုံးငွေရင်းရငွေ -
( ၂ ) ငွေလုံးငွေရင်းအသုံးစရိတ် ၆၁၁.၀၈၇ ဘီလီယံ
( ဂ ) ရငွေ/သုံးငွေ စုစုပေါင်း
( ၁ ) ရငွေပေါင်း ၃၁.၇၆၁ ဘီလီယံ
( ၂ ) သုံးငွေပေါင်း ၁,၃၃၄.၁၉၄ ဘီလီယံ
၆။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ သာမန်အသုံး စရိတ်စာရင်းများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သာမန်အသုံးစရိတ် စုစုပေါင်း ၇၂၃.၁၀၇ ဘီလီယံ လျာထား ထားပါတယ်။ ခေါင်းစဉ်အလိုက် အသုံးစရိတ်များမှာ -
( က ) လစာနှင့်စရိတ်များ ၃၇၂.၂၃၉ ဘီလီယံ
( ခ ) ပစ္စည်းများ ၁၇၁.၁၇၄ ဘီလီယံ
( ဂ ) ပို့ဆောင်ရေး ၁၀.၀၆၆ ဘီလီယံ
(ဃ ) အင်ဂျင်နီယာ ၂၈.၀၃၅ ဘီလီယံ
( င ) အထွေထွေ ၇၃.၅၉၁ ဘီလီယံ
( စ ) စစ်ဆင်ရေး ၂.၁၀၇ ဘီလီယံ
( ဆ ) စက်ရုံအလုပ်ရုံများ ၆၃.၀၈၄ ဘီလီယံ
( ဇ ) အတိုး ၂.၈၁၁ ဘီလီယံ
( ဈ ) သာမန်အသုံးစရိတ် စုစုပေါင်း ၇၂၃.၁၀၇ ဘီလီယံ
၇။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း ၆၁၁.၀၈၇ ဘီလီယံ လျာထားပြီး ခေါင်းစဉ်အလိုက် ငွေလုံးငွေရင်း အသုံးစရိတ်များမှာ -
( က ) ဆောက်လုပ်ရေး အသုံးစရိတ် ၁၀၅.၅၃၉ ဘီလီယံ
( ခ ) စက်ပစ္စည်း အသုံးစရိတ် ၅၀၅.၁၄၈ ဘီလီယံ
( ဂ ) အခြား အသုံးစရိတ် ၀.၄၀၀ ဘီလီယံ
( ဃ )ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ၆၁၁.၀၈၇ ဘီလီယံ
၈။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် ရငွေစာရင်း (၃)နှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၉။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် သာမန်ရငွေအနေဖြင့် (၁၉.၅၅၁) ဘီလီယံ နှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် (၃၆.၅၅၆) ဘီလီယံ ရရှိထား ပါတယ်။ ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအတွက် သာမန်ရငွေမှာ (၃၁.၇၆၁) ဘီလီယံ လျာထား ထားသဖြင့် ယခင် ဘဏ္ဍာရေးနှစ်များထက် ရငွေလျော့နည်းသွားရပါတယ်။ လျော့နည်းသွားတဲ့ အကြောင်းကတော့ ပစ္စည်းများရောင်းရငွေများမှ လျော့နည်းရရှိခြင်းနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံများမှ လျော့နည်းရရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
၁၀။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် အရ အသုံး (၃)နှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။
၁၁။ သာမန်အသုံးစရိတ်အနေဖြင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်တွင် (၆၀၉.၆၂၇) ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်တွင် (၈၂၇.၁၄၉) ဘီလီယံ နှင့် ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် (ဧပြီလမှ စက်တင်ဘာလ) အတွက် (၇၂၃.၁၀၇) ဘီလီယံ တောင်းခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ ပတ်ထက် (၁၀၄.၀၄၂) ဘီလီယံ လျော့နည်း တောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၁၂။ ငွေလုံးငွေရင်းအသုံးစရိတ်အနေဖြင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်တွင် (၁၆၈.၄၉၈) ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်တွင် (၆၂၅.၄၄၀) ဘီလီယံ နှင့် ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် (ဧပြီလ မှ စက်တင်ဘာလ) အတွက် (၆၁၁.၀၈၇) ဘီလီယံ တောင်းခံထားပါသဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်ထက် (၁၄.၃၅၃) ဘီလီယံ လျော့နည်းတောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၁၃။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်တွင် (၇၇၈.၁၂၅) ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်တွင် (၁,၄၅၂.၅၈၉) ဘီလီယံ နှင့် ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် (ဧပြီလ မှ စက်တင်ဘာလ) အတွက် အသုံးစရိတ်စုစုပေါင်း (၁,၃၃၄.၁၉၄) ဘီလီယံ တောင်းခံထား ပါသဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ်ထက် (၁၁၈.၃၉၅)ဘီလီယံ လျော့နည်း တောင်းခံထားပါကြောင်း တင်ပြအပ်ပါတယ်။
၁၄။ ယခုတင်ပြထားသည့် အသုံးစရိတ်များသည် အဆင့်ဆင့်သော စိစစ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး မလွဲမသွေသုံးစွဲရမည့် အသုံးစရိတ်များ ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။
၁၅။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။