၂။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေနေရာများသည် အမှတ်(၁၃၁)ခြေလျင် တပ်ရင်း၏ တပ်ပိုင်မြေ ၅၈၀ ဧကအတွင်းပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်စွဲပါစာအမှတ်၊ ၂၀၀/၁-၅/ဦး ၁ ဖြင့် မြေပေးမိန့် ရရှိခဲ့ပြီး ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင် တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧက ဟု ဖော်ပြထားသော်လည်း တပ်မြေသိမ်းယူစဉ်က ရွှေ့ပြောင်းတောင်ယာမြေ ၁၅ ဧက၊ သုသာန်မြေ ၃.၅ ဧကနှင့် မြေလွတ်မြေလပ် ၅၆၁.၅ ဧက ဖြစ်ပါသည်။ တောင်ယာမြေ ၁၅ ဧကမှာ ယာယီတောင်ယာစနစ်ဖြင့် စိုက်ပျိုးခဲ့ခြင်းသာဖြစ်ပြီး ပိုင်ဆိုင်မှုအထောက်အထား မရှိကြောင်း နှင့် သုသာန်မြေ ၃.၅ ဧကမှာ မြေနေရာသစ်သို့ ရွှေ့ပြောင်းထားရှိပြီးဖြစ်သဖြင့် တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပါတယ်။
၃။ နမ့်ကုံးရေကန်သည် သဘာဝရေများထွက်ရှိသည့် ရေကန်ဖြစ်ပြီး မြို့နေပြည်သူများ သောက်ရေ၊ သုံးရေအဖြစ် သုံးစွဲလျက်ရှိသည့်အပြင် ကိုယ်ထူကိုယ်ထ အသေးစားလျှပ်စစ် ဓာတ်အားထုတ်ယူပြီး မြို့တွင်းသို့ လျှပ်စစ်မီးများ ပေးဝေအသုံးပြုလျက်ရှိကြောင်းနှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဆိုပါ ရေကန်အား ပြန်လည် ပြုပြင်ထိန်းသိမ်းရန်အတွက် ငွေကျပ် ၁၈၇ သန်း ခွင့်ပြု ထားကြောင်း စိစစ်သိရှိရပါတယ်။
၄။ သို့ဖြစ်ပါ၍ ပြည်သူများ အသုံးပြုလျက်ရှိသော နမ့်ကုံးသဘာဝရေများ ထွက်ရှိသည့် ရေကန်နှင့် ရေဝေရေလဲနေရာ ၃၁ ဧကအား အများပြည်သူလူထုပိုင်အဖြစ် နယ်မြေ စည်းရုံးရေးအရ ပြန်လည် စွန့်လွှတ်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် တောင်သူများ၏ စိုက်ခင်း မြေ ၁၆၅ ဧကသည် တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေပေးမိန့် ရရှိခဲ့ပြီးဖြစ်ခြင်း၊ ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာမရှိခြင်း၊ တပ်ရင်း၏ အဆောက်အဦများနှင့် နီးကပ်စွာတည်ရှိနေခြင်းတို့ကြောင့် လုံခြုံရေးအရ ပြန်လည်စွန့်လွှတ် ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
၅။ အားလုံးကို ကျေးဇူးတင်ပါတယ်။
