၂။ တမူးမြို့သည် တစ်ဖက်အိန္ဒိယနိုင်ငံ မိုးရေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး နန့်ဖာလုံစျေးသည် နယ်စပ်ဂိတ်(၁)နှင့် ၁၂၀၀ မီတာခန့် ကွာဝေးပြီး ဂိတ်(၂)နှင့် တစ်ဆက်တည်း တည်ရှိပါတယ်။ တမူးမြို့ရှိ ရပ်ကွက် (၄)ခုတွင် ဗမာ (၂၅၁၅၅)ဦး၊ ချင်း (၁၁၀၆၂)ဦး၊ နာဂ(၃၉၈)ဦး၊ လူရှိုင်း (၈၄၅)ဦး နှင့် ရှမ်း၊ ရခိုင်၊ ကရင်၊ ကချင် အပါအဝင် အခြားလူမျိုး (၄၈၈၈)ဦး ၊ စုစုပေါင်း လူဦးရေ (၄၂၃၄၈)ဦးခန့် နေထိုင်ကြောင်း တွေ့ရှိရပြီး ခရိုင်အုပ်ချုပ်ရေးမှူး (၁)ဦး အုပ်ချုပ်သည့် နယ်မြေ ဖြစ်ပါတယ်။
၃။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းတွင် ပါရှိသည့် တမူးမြို့နယ်အတွင်း ပေါက်ကွဲမှု များမှာ လက်လုပ်အသံမိုင်းများကြောင့်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် အနေအထားဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်မှစ၍ ယနေ့ အချိန်အထိ လက်နက်ကိုင်ဝင်ရောက်မှု (၂၉)ကြိမ်အား ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ပြီး နှစ်နိုင်ငံ တပ်မတော်အချင်းချင်း၊ လုံခြုံရေးအဖွဲ့အချင်းချင်း သတင်းဖလှယ်မှုဖြင့် လုံခြုံရေးအား အပြည့်အဝ ဆောင်ရွက်လျက်ရှိပါတယ်။
၄။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးတာဝန်များရှိသည်မှာ မှန်သော်လည်း (၁၀၁၆)မိုင် ရှည်လျားသည့် နယ်စပ် တစ်လျောက် လုံခြုံရေးဆောင်ရွက်ရမှုအတွက် ယခုကဲ့သို့ မြို့/ရွာ လုံခြုံရေး ထိခိုင်စေမည့် သတင်းအချက်အလက်များ ရရှိပါက ဒေသခံပြည်သူများမှ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အချိန်မီသတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေးမှာလည်း လိုအပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
၅။ သို့ဖြစ်ပါ၍ တမူးမြို့နယ်အတွင်းနှင့် နယ်စပ်တစ်လျှောက်တွင် တစ်ဖက်နိုင်ငံ အခြေပြု အကြမ်းဖက်သောင်းကျန်းသူများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု မရှိစေရေးနှင့် တမူးမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားမှု မရှိစေရေးအတွက် နယ်စပ်ဂိတ်များမှလွဲ၍ နယ်စပ်မြို့များတွင် မသင်္ကာဖွယ်များအား နေ့/ည စစ်ဆေးရန်ကိစ္စများသည် အခြေအနေ အချိန်အခါနှင့် အခြားကန့်သတ်ချက်များစွာရှိသော်လည်း တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ နယ်စပ်မြို့များ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
၆။ အားလုံးကို ကျေးဇူးတင်ပါတယ်။
