၂။ လွှတ်တော်ကိုယ်စားလှယ် မေးခွန်းပါ မြေနေရာသည် အမှတ်(၃၇၅) ခြေမြန်တပ်ရင်း၏ တပ်ဧရိယာ ပြင်ပမြေဖြစ်သော ကျောက်တော်မြို့နယ်၊ ဇင်းခါးရှည်ကျေးရွာ၊ ကွင်းအမှတ် ၈၄၇(A)၊ ချောင်းသားမြောက်ကွင်းရှိ လယ်မြေ (၁၅)ဧကဖြစ်ပြီး တပ်ရင်းဌာနချုပ်နှင့် (၁၀)မိုင်ခန့် ကွာဝေးကြောင်းနှင့် စတင်သိမ်းဆည်းစဉ် အဆိုပါ မြေသည် မူလပိုင်ရှင်မရှိဘဲ စားကျက်မြေများဖြစ်၍ လျော်ကြေးငွေပေးချေခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပြီး ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၀၄ ခုနှစ် ၊ ဧပြီလ(၁)ရက်စွဲပါ အမိန့်အမှတ် (၂၅/၂၀၀၄)ဖြင့် စားကျက်မြေ ပယ်ဖျက်ခွင့်ပြုမိန့် ရရှိခဲ့ပြီးဖြစ်ပါတယ်။
၃။ အဆိုပါလယ်မြေ (၁၅)ဧကပေါ်တွင် အမှတ်(၃၇၅)ခြေမြန်တပ်ရင်းမှ နှစ်စဉ် မိုးစပါး စိုက်ပျိုးခဲ့သော်လည်း မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ မြေများ ပျက်စီးခြင်း တို့ကြောင့် ၂၀၁၅ ခုနှစ်မှစ၍ မိုးစပါးစိုက်ပျိုး လုပ်ကိုင်နိုင်မှု မရှိတော့ကြောင်း တွေ့ရှိ ရပါတယ်။
၄။ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်မေးခွန်းပါ လယ်မြေ (၁၅)ဧကသည် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စားကျက်မြေ ပယ်ဖျက်ခွင့်ပြုမိန့် ရရှိခဲ့ပြီး ဖြစ်သော်လည်း တပ်ရင်းဌာနချုပ်နှင့် (၁၀)မိုင်ခန့်ကွာဝေးခြင်း၊ နှစ်စဉ် မိုးရာသီ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး မိုးစပါးစိုက်ပျိုးနိုင်မှု မရှိခြင်းတို့ကြောင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ပြန်လည်စွန့်လွှတ်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။
၅။ အားလုံးကို ကျေးဇူးတင်ပါတယ်။
