
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်း တာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
၁။ သာသနာ့ဝန်ထမ်းများ။
၂။ အိမ်ထောင်သည်အမျိုးသမီးများ ( အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)
၃။ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။
၄။ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့် လျော်သူ ဖြစ်ကြောင်း သတ်မှတ်ထားသူများ။
၅။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထား သူများ။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ
၁။ ဉာဏ်အရည်အသွေးမမီခြင်းနှင့်အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်သူများ။
၂။ ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာဥပဒေ က ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။
၃။ နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။
၄။ တိုက်ပွဲတွင်ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများ မပါ)။
မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒ အလျောက် ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန် ခွင့်ပြုနိုင်သည်။
၅။ အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ ဂုဏ်ဆောင် ရွှေတံဆိပ်၊ငွေတံဆိပ်၊ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။
၆။ နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့် အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ။
၇။ တစ်ဆက်စပ်တည်း လုပ်သက် ၂နှစ်နှင့် အထက်ရှိသော တပ်မတော်စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ။
၈။ ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြ နိုင်သူများ။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများ
၁။ လျှော့ပေါ့ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လျှောက်ထားသူ၏မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက် မနည်း တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါက လည်းကောင်း အဆိုပါ လျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှု ထမ်းရန် ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးနိုင်သည်။
( ခ ) လျှောက်ထားသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်း အဖြစ် နှစ်ပေါင်း၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင် ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးနိုင်သည်။
( ဂ ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့် ကာလ အတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းများရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့ နောက်ပိုင်း ဆက်လက်တာဝန် ထမ်းဆောင်ရန်ကျန်ရှိသည့် ကာလအား လျှော့ပေါ့ပေး နိုင်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ
၂။ ရွှေ့ဆိုင်းခွင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက် အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည် အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက် သေဆုံး သွားခြင်း။
( ခ ) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မတော်တဆ ဖြစ်ရပ်တစ်ခုခုကြောင့် ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တစ်ခုခု အပြင်းအထန် ဒဏ်ရာရရှိသူဖြစ်ခြင်း၊။
( ဂ ) ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှု ရင်ဆိုင် နေရသူဖြစ်ခြင်း။
(ဃ) နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။
( င ) ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေလိုအပ်နေသူ ဖြစ်ခြင်း။