နေပြည်တော် မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့၊ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(အေးသာယာ)ရှိ စစ်မှုထမ်းဟောင်းမိသားစုဝင်များအားတွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစစ်မှုထမ်းဟောင်း အိမ်ရာ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းမိသားစုဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းမိသားစုဝင်များအတွက် ဘုရားဆင်းတု တော်များ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းမိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိ သူများက စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း သက်သာချောင်ချိရေး အရောင်းဆိုင်ရောင်းချပေးနေမှု၊ သောက်ရေသန့်စက်မှ ရေပေးဝေနိုင်မှုနှင့် စစ်မှုထမ်းဟောင်းမိသားစု ဝင်များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လိုက်လံကြည့်ရှုကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အေးသာယာမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အရှင်ဒေါက်တာ ဓနိတအား သွားရောက်ဖူးမြော် ကြည်ညိုပြီး သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကာ ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သည့် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ ဘုန်းတော်ကြီးသင် သင်တန်းသား အိပ်ဆောင် ပြန်လည်ပြုပြင်နေမှုကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


